Bad Managers

ခေါင်းဆောင်မှုနဲ့ဆိုင်တဲ့စာတွေ အတော်များများဖတ်ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းပြီး မသိတာတွေ အများကြီးရှိနေသေးတာကိုလည်း သတိထားမိပါတယ်။ လေ့လာစရာဆိုတာ ဘယ်တော့မှ ကုန်တယ်လို့ကို မရှိနိုင်တော့ပါဘူး။ အသက်ရှူရင်ခုန်နေတိုင်းဟာ အသစ်သော လေ့လာစရာများနဲ့ပြည့်နေတဲ့ လောကကြီးလို့မြင်မိပါတယ်။
 
ဒီနေရာမှာ ပြောချင်တာက တကယ်လို့ သင်ဟာ မန်နေဂျာတစ်ယောက်၊ အကြီးတန်းအရာရှိတစ်ယောက်၊ ဒါမှမဟုတ် HR ဝန်ထမ်းတစ်ယောက် ဖြစ်နေမယ်ဆိုခဲ့ရင် သင့်ရဲ့ အလုပ်ဟာ ခေါင်းဆောင်မှုပေးရတာနဲ့ မကင်းနိုင်တော့ပါဘူး။ ကိုယ်ကိုယ်တိုင် ခေါင်းဆောင်လုပ်ရသလို၊ ခေါင်းဆောင်တွေကိုလည်း ရွေးချယ်ရပါလိမ့်မယ်၊ ရာထူးတိုးမြှင့်ပေးရမယ့်သူတွေကို ရွေးရပါလိမ့်မယ်၊ အလုပ်တာဝန် အသစ်တွေကို ပေးအပ်ရပါလိမ့်မယ်။ ဒီအခါမှာ ဘယ်လိုလူမျိုးတွေဟာတော့ ဒီလို ခေါင်းဆောင်မှုပေးရတဲ့ အလုပ်တွေနဲ့ သင့်တော်မလဲဆိုတာကို သင် ဘယ်လို ဆုံးဖြတ်ကြမလဲ။
 
ခေါင်းဆောင်ကောင်းတွေနဲ့ပတ်သက်ပြီး ရေးထားတဲ့စာတွေ အများကြီးတွေ့နိုင်ပါတယ်။စာဖတ်သူတွေလည်း အများကြီး ဖတ်ဖူးကြမယ်လို့ထင်ပါတယ်။ ခေါင်းဆောင်ကောင်း တစ်ယောက်မှာ ရှိရမယ့် အရည်အချင်းတွေ၊ သွင်ပြင်လက္ခဏာတွေ မျိုးစုံကို လေ့လာနိုင်ပါတယ်။ ဒီအခါမှာတော့ စာရေးသူအနေနဲ့ ဘယ်လိုလူမျိူးကတော့ ခေါင်းဆောင်အလုပ်တွေနဲ့ မသင့်တော်ဘူးလဲဆိုတာကို အချက် (၈) ချက်နဲ့ ဆွေးနွေးတင်ပြကြည့်ချင်ပါတယ်။
 
 
ကိုယ်ချင်းစာစိတ်ကင်းမဲ့ခြင်း
 
ကိုယ်ချင်းစာစိတ်လို့ ပြောတဲ့အခါမှာ သူတပါးခံစားချက်၊ပြဿနာတွေကို ထပ်တူထပ် သဘောတူနိုင်ဖို့ကို ဆိုလိုတာမဟုတ်ပါဘူး။ ၎င်းတို့ရဲ့ ခံစားချက်၊ ပြဿနာတွေကို သူတို့နေရာမှာ ကိုယ်ဆိုလျှင်ဆိုတဲ့ စိတ်ထားကို ထားပြီး သူတပါးနေရာကနေစဉ်းစားပေးတတ်ကို ပြောချင်တာဖြစ်ပါတယ်။
ဒီလိုစိတ်ထားမျိုးဟာ ခေါင်းဆောင်တစ်ယောက်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ သူတပါးအပေါ် ကိုယ်ချင်းစာစိတ်မရှိတဲ့ သူတယောက်ဟာ ခေါင်းဆောင်တယောက်ရဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
 
အပြောင်းအလဲလုပ်ရမှာကို စိုးရွံ့ခြင်း
 
တကယ်တော့ အပြောင်းအလဲလုပ်ရတာကို လူတိုင်း စိုးရွံ့တတ်ကြပါတယ်။ မကြိုက်ကြပါဘူး။ အထူးသဖြင့် ငွေကြေးအကုန်အကျတွေ၊ လူပေါင်းများစွာရဲ့ အလုပ်တွေ ပါဝင်လာပြီဆိုလျှင် အပြောင်းအလဲလုပ်ဖို့ ပိုပြီး လက်တွန့်လာတတ်ကြပါတယ်။
 
ဒါပေမယ့်လည်း အပြောင်းအလဲ မလုပ်ဝံ့သူတွေဟာ အမြဲနောက်ကျကျန်နေခဲ့မှာဖြစ်ပါတယ်။ အပြောင်းအလဲများတဲ့ လောကမှာ အခြေအနေတွေဟာ အမြဲတမ်း တသမတ်တည်းရှိမနေနိုင်ပါဘူး။ ပြောင်းလဲနေလေ့ရှိပါတယ်။ အခြေအနေ အချိန်အခါကိုက်ပြီး ပြောင်းလဲသင့်တဲ့အချိန်မှာ ပြောင်းလဲနိုင်ဖို့အရေးကြီးပါတယ်။
 
ဘယ်အချိန်မှာ အပြောင်းအလဲတွေ လုပ်သင့်သလဲဆိုတာကိုမသိ၊ အပြောင်းအလဲ လုပ်ဖို့ကို စိုးထိပ်နေတတ်တဲ့သူတယောက်ဟာ ခေါင်းဆောင်တာဝန်ကို မယူထိုက်တဲ့ လူမျိုးပဲဖြစ်ပါတယ်။ သူ့ရဲ့ စိုးထိပ်မှုဟာ သူ့နောက်လိုက်တွေနဲ့ အခြားသောသူတွေကိုပါ အများကြီး နစ်နာသွားစေတတ်ပါတယ်။
 
အလွန်အမင် အလျော့ပေး အပေးအယူလုပ်တတ်ခြင်း
 
ခေါင်းဆောင်တယောက်ဟာ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် စဉ်းစားပေးတတ်တာကောင်းပေမယ့်၊ အမြဲတမ်းလိုလို အလွယ်တကူ အလျော့ပေးလုပ်တတ်ခြင်းဟာ ၎င်းအတွက်ရော၊ နောက်လိုက်တွေအတွက်ပါ မကောင်းစေတတ်ပါဘူး။
 
ခေါင်းဆောင်တယောက်အနေနဲ့ ဘယ်အချိန်မှာတော့ အလျော့ပေးလိုက်လျောရမယ်၊ ဘယ်အချိန်မှာတော့ ကိုယ်က တင်းခံထားရမယ်ဆိုတာတွေကို နားလည်လုပ်ဆောင်နိုင်ရမှာဖြစ်ပါတယ်။
 
တချို့အရာတွေက သူများတွေအတွက်အရေးကြီးပေမယ့် ကိုယ့် အဖွဲ့ အတွက်က ဦးစားပေး မဟုတ်တာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအနေအထားတွေမှာ မျှမျှတတနဲ့ မလုပ်တတ်ပဲ အလွယ်တကူ အလျော့ပေးနေမယ့်လူတယောက်ဟာ ခေါင်းဆောင်တာဝန် ဘယ်လိုမှ မယူသင့်ပါဘူး။
 
အလွန်အမင် ဆရာကြီးဆန်ခြင်း
 
ဆရာကြီးဆန်ရင် လူကြီးဆန်တယ်လိုများ အချို့လူတွေကထင်နေကြလားမသိပါဘူး။ အမိန့်တွေပေး၊ အထက်စီးနဲ့ဆက်ဆံတတ်ကြတယ်။ ဒီလိုလုပ်ကြတဲ့အခါမှာ လူတွေက ကြောက်ရွံ့ကြလို့သာ လိုက်လုပ်ပေးကြတယ်၊ စိတ်ထဲမှာတော့ မပါကြတော့ပါဘူး။
 
ဒီလိုမျိုးနဲ့ အောက်လက်ငယ်သားတွေကို အပေါ်မှာ အလွန်အမင်း ဆရာကြီးဆန်စွာ ပြောဆိုဆက်ဆံတတ်တဲ့သူတွေကို ခေါင်းဆောင်တယောက်အနေနဲ့ တာဝန်ကို မပေးသင့်ပါဘူး။
 
မပြတ်မသား ချီတုံချတုံ အမြဲဖြစ်ခြင်း။
 
ခေါင်းဆောင်တယောက်ဟာ ဆုံးဖြတ်ချက်တွေကို ချနိုင်ရပါမယ်။ လုပ်ငန်းခွင်မှာ အမြဲတမ်းလို ရွေးချယ်ရတာတွေ၊ ဆုံးဖြတ်ချက်ချရတာတွေရှိလေ့ရှိပါတယ်။
 
ကိုယ့်ရဲ့နောက်လိုက်တွေကလည်း ကိုယ့်ကို ပြတ်သားတဲ့သူ၊ ဆုံးဖြတ်ချက်ချနိုသူ အဖြစ် အားကိုးလိုကြတာဖြစ်ပါတယ်။ ဒီလိုမျိုး ဆုံးဖြတ်တွေကို မပြတ်သားတဲ့အခါမှာ အောက်လက်ငယ်သားတွေဟာ အလုပ်လုပ်တဲ့အခါမှာ အဆင်မပြေဖြစ်ကြရပြီး စိတ်ဓါတ်တွေကျတတ်ကြပါတယ်။
 
ဒါကြောင့် ဟိုလိုလို သည်လိုလိုနဲ့
မပြတ်မသား ဆုံးဖြတ်ချက်မချနိုင်တဲ့ လူတယောက်ဟာ ခေါင်းဆောင်တာဝန် ဘယ်လိုမှ မယူသင့်ပါဘူး။
 
လူတွေရဲ့ စရိုက်ကို အကဲဖြတ်ညံ့ခြင်း
 
ခေါင်းဆောင်တယောက်ဟာ လူကဲခပ်တော်သင့်ပါတယ်။ လူတွေနဲ့ပတ်သက်လာလျှင် မှန်မှန်ကန်ကန် အကဲမဖြတ်တတ်တဲ့အခါ အလုပ်လုပ်တဲ့ အခါမှာ နှောင့်နေ ကြန့်ကြာမှုတွေနဲ့ ကြုံရတတ်ပါတယ်။
 
ကိုယ့်ရဲ့နောက်လိုက်တွေရဲ့ စိတ်နေစိတ်ထား၊ အကျင့်စရိုက်တွေကို အချိန်ပေး လေ့လာတတ်တဲ့အခါမှာ ကိုယ့်ရဲ့နောက်လိုက်တွေကို လူမှန်နေရာမှန် တာဝန်ပေး စေခိုင်းနိုင်မှာဖြစ်ပါတယ်။ သို့မဟုတ်ပါက လူမှန်နေရာမှန်တွေ မရရှိကြတော့ပဲ အခက်အခဲတွေရှိလာစေနိုင်ပါတယ်။
 
ဒါကြောင့် လူတွေရဲ့ စရိုက်ကို မှန်မှန်ကန်ကန် မမြင်နိုင်တဲ့ လူတယောက်ဟာ ခေါင်းဆောင်တာဝန် ဘယ်လိုမှ မယူသင့်ပါဘူး။
 
လက်တွေ့ဘဝမှာအချိုးမညီခြင်း
 
လုပ်ငန်းတခုမှာ လူတစ်ယောက်ဟာ မနက်ဆိုလျှင် ရုံးကို အစောကြီးရောက်တတ်ပြီး ညနေမှာလည်း နောက်ဆုံးမှ ပြန်တတ်သူတယောက်ဟာ အလုပ်ကြိုးစားသူ၊ ရာထူးတိုးပေးသင့်သူလို ထင်မြင်ကောင်း ထင်မြင်ကြပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုမျိုးလူတွေဟာ သူတို့ရဲ့ဘဝမှာ အရာရာဟာ အချိုးညီညီရှိနေရဲ့လားလို မေးစရာရှိလာပါတယ်။
 
ဒီလိုမျိုး လက်တွေ့ဘဝမှာ အချိုးညီညီမရှိတဲ့သူတွေဟာ အလုပ်မှာ အလွယ်တကူ အားကုန်ခမ်း မောပန်းသွားနိုင်တတ်ပါတယ်။ ထို့အပြင် ကိုယ့်ရဲ့ နောက်လိုက်တွေအပေါ်လည်း မဖြစ်နိုင်တဲ့ မျှော်မှန်းခြင်းများရှိလာတတ်ပါတယ်။
 
ဒါကြောင့် လက်တွေ့ဘဝမှာ အရာရာကို မျှမျှတတ အချိုးညီညီမနေနိုင်တဲ့ လူတယောက်ဟာ ခေါင်းဆောင်တာဝန် ဘယ်လိုမှ မယူသင့်ပါဘူး။
 
စိတ်နှလုံးနှိမ့်ချမှုမရှိခြင်း
 
အရာရာအားလုံးအပေါ်မှာ ကိုယ်သိကိုယ်တတ်၊ ကိုယ်သာလျှင် အရာရာကို မှန်ကန်စွာသည်လို့ မိမိကိုယ်ကိုယ် အထင်ရောက်ရှိနေသောသူတယောက်ဟာ ခေါင်းဆောင်ကောင်း တစ်ယောက် ဘယ်လို့မှ မဖြစ်လာနိုင်ပါဘူး။
 
သူတို့တွေဟာ အရာရာကို တယောက်တည်းနဲ့ ပြီးစီးအောင်လုပ်ကိုင်နေတတ်သောကြောင့်ဖြစ်ပါတယ်။ ၎င်းတို့သည့် အခြားသူများဟာ ကိုယ့်လို့ မသိ မတတ် မလုပ်ကိုင်နိုင်ကြဟု အမြင်ရောက်နေသူများလည်း ဖြစ်ကြပါတယ်။
 
ဒါကြောင့် ဒီလိုမျိုး စိတ်နှလုံးနှိမ့်ချမှုမရှိတဲ့ လူတယောက်ဟာ ခေါင်းဆောင်တာဝန် ဘယ်လိုမှ မယူသင့်ပါဘူး။
 
အခုပြောပြခဲ့တဲ့ အကြောင်းအရာများဟာ ခေါင်းဆောင်တယောက်မှာ မရှိသင့်တဲ့ စိတ်နေစိတ်ထား အပြုအမူများပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီအထဲက တခုလောက်ဖြစ်နေရုံလေးနဲ့ ခေါင်းဆောင်အလုပ်တာဝန်ကို မပေးတော့ဘူးဆိုတာမျိုးကိုတော့ဆိုလိုတာမဟုတ်ပါဘူး။ ဘယ်သူမဆို ဒီလိုအကျင့်စရိုက်များရှိနေခဲ့မယ်ဆိုရင်လည်း ဒီအကျင့်စရိုက်များကို ပပျောက်အောင် လေ့ကျင်လေ့လာခြင်းအားဖြင့် ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်လာနိုင်ပါတယ်။
 
ဒါပေမယ့် ဒီလို အကျင့်စရိုက်မျိးဟာ တခုထက်မက ရှိလာနေပြီဆိုလျှင်တော့၊ ၎င်းတို့ဟာ ခေါင်းဆောင်တစ်ယောက်အဖြစ် တာဝန်ပေးအပ်ခံရဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုကို သိထားနိုင်ပါတယ်။
 
အကယ်၍များ မိမိဟာ ဒီလိုလူမျိူးတွေကို ဖွံ့ဖြိုးတိုးတက်စေဖို့တာဝန်တွေရှိလာခဲ့မယ်ဆိုလျှင်တော့ အချိန်ယူပြီးတော့ ဒီအချက်တွေကို အပြုသဘောနဲ့ ပြောပြပြီး ပြုပြင်ပြောင်းလဲတိုးတက်ဖို့အတွက် လုပ်ဆောင်ရမှာဖြစ်ပါတယ်။
 
ဒါကြောင့် အကျဉ်းချုပ်ပြန်ပြောရလျှင်၊ အောက်မှာဖေါ်ပြထားတဲ့ အချက် (၈) ချက်ဟာ ခေါင်းဆောင်တယောက်မှာမရှိသင့်တဲ့ အရာတွေဖြစ်တယ်ဆိုတာကို ဝေငှလိုက်ရပါတယ်။
 
1️⃣ ကိုယ်ချင်းစာစိတ်ကင်းမဲ့ခြင်း
2️⃣ အပြောင်းအလဲလုပ်ရမှာကို စိုးရွံ့ခြင်း
3️⃣ အလွန်အမင် အလျော့ပေး အပေးအယူလုပ်တတ်ခြင်း
4️⃣ အလွန်အမင် ဆရာကြီးဆန်ခြင်း
5️⃣ မပြတ်မသား ချီတုံချတုံ အမြဲဖြစ်ခြင်း
6️⃣ လူတွေရဲ့ စရိုက်ကို အကဲဖြတ်ညံ့ခြင်း
7️⃣ လက်တွေ့ဘဝမှာအချိုးမညီခြင်း
8️⃣ စိတ်နှလုံးနှိမ့်ချမှုမရှိခြင်း
 

Leave a Reply