Annual Training Plan တစ်ခု ဘယ်လိုရေးဆွဲရမလဲ

Training Manager တစ်ယောက်အတွက် လုပ်ဆောင်စရာတွေ အများကြီးအထဲကနေ Annual Training Plan တစ်ခု ဘယ်လိုရေးဆွဲရမလဲဆိုတာက တကယ်ကို လက်တွေ့ကျကျသိထားသင့်တဲ့ အလုပ်တစ်ခုလို့ပြောလို့ရပါတယ်။

HR နဲ့ပတ်သက်တဲ့ လေ့လာစရာတွေကတော့ အများကြီးဖြစ်ပါတယ်။ ဒါပေမယ့် တခါတလေကျတော့ ကိုယ်တကယ်လုပ်ရတာတွေနဲ့ အံဝင်ဂွင်ကျဖြစ်ဖို့ အတော်ခက်ခဲတတ်တာကို သတိထားမိပါတယ်။ Learning & Development နဲ့ ပတ်သက်ပြီး သင်ကြတာတွေ အများကြီးဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ကို နောက်လာမယ့်နှစ်အတွက် Training Plan တစ်ခုဆွဲပါလို့များကို လူကြီးကနေ ခိုင်းလာခဲ့မယ်ဆိုရင် ကိုယ်ဘယ်နေရာကနေစလုပ်မလဲ။ အတော်တော့ ဂွကျတဲ့ ကိစ္စဖြစ်ပါတယ်။ HR စာအုပ်အထဲမှာပါတဲ့ သီအိုရီတွေကို ထိုင်ရွတ်နေလို့လည်း ဒီ plan က ကိုယ့်ရဲ့အရှေ့ကို ရောက်လာမှာ မဟုတ်တော့ အတော်လေးခက်ပါတယ်။

ဒီနေရာမှာ အကြံပေးချင်တာက ကိုယ့်ရဲ့ ကုမ္ပဏီမှာ အရင်က Annual Training Plan တွေလုပ်ခဲ့ဖူးလား၊ ဘယ်လိုလုပ်ခဲ့ကြလဲ၊ ဒါကို လေ့လာသင့်ပါတယ်။ နောက်တစ်ခုက Annual Training Plan လို့ဆိုပေမယ့် ကိုယ့်ကိုတာဝန်ပေးတဲ့လူကြီးရဲ့စိတ်ထဲမှာ ဘာကိုလိုချင်တာလဲ ဆိုတာကိုလည်း သေသေချာချာ သိအောင်လုပ်ရမယ်။ ကိုယ့်အထင်နဲ့ ကိုယ်လုပ်လိုက်ပေမယ့် သူမျှော်လင့်ထားတာမျိုး မဟုတ်ခဲ့ရင်လည်း ကြိုးစားထားသမျှ အရာမထင်ဖြစ်သွားနိုင်သေးတယ်။ ဒီတော့ သူ့ကို Annual Training Plan နဲ့ပတ်သက်ပြီး ဘယ်လိုမျိုးကို လိုချင်တာလဲဆိုတာကို ပြန်ပြီးသေသေချာချာ မေးမြန်းသင့်ပါတယ်။

ပုံမှန်အားဖြင့်ဆိုရင် Annual Training Plan တစ်ခုမှာ
– Executive Summary
– Schedule of the program
– Budget
– Training Calendar
– Course Description
ဆိုတာတွေ ပါဝင်တတ်ပါတယ်။

Executive Summary မှာဆိုရင် ကိုယ့်ကုမ္ပဏီရဲ့ Goals တွေနဲ့ Objectives တွေပါဝင်တယ်။ ဒီနေရာမှာ Goal ဆိုတာက လိုချင်တဲ့ outcome တွေဖြစ်ပါတယ်။ အဲ့ဒါကို ရရှိဖို့ strategy တွေချရပါတယ်။ ဒီ strategy တွေအောင်မြင်ဖို့အတွက် လုပ်ဆောင်ရမယ့် အဆင့်တွေကို တော့ objectives တွေလို့ အကြမ်းဖြင်းယူဆလို့ ရပါတယ်။ ပြီးရင် ကိုယ်လုပ်ခဲ့တဲ့ Training Needs Analysis တွေရဲ့ ရလဒ် အကျဉ်းတွေကို ဖေါ်ပြရပါတယ်။ နောက်တစ်ခု ကိုယ့် Training Plan ရဲ့ overview ကို တင်ပြသင့်ပါတယ်။ ကိုယ့်ရဲ့ Plan အထဲမှာ ဘယ်လို program တွေပါဝင်သလဲ၊ ဘာကြောင့်လဲဆိုတဲ့ အကျဉ်းခြုံးလေးကို ဆိုလိုတာဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ ကိုယ့်ရဲ့ Training Plan က ထိရောက်မှုရှိတယ် မရှိဘူးဆိုတာကို ဘယ်လိုအရာတွေနဲ့ တိုင်းတာနိုင်မလဲဆိုတာလေးတွေပါသင့်ပါတယ်။

Schedule of the program ဆိုတာကတော့ ကိုယ့်ကုမ္ပဏီမှာ ရှိတဲ့ ဝန်ထမ်း level အမျိုးအစားအလိုက် ဘယ်လို Program တွေကို တစ်နှစ်မှာ ဘယ်နှစ်ကြိမ်လုပ်မှာလဲ၊ တစ်ကြိမ်မှာ လူဘယ်နှစ်ယောက်မှန်းထားလဲ၊ တစ်နှစ်လုံးအတွက် လူဘယ်နှစ်ယောက်စာလောက်လျာထားလဲ၊ စာသင်ချိန် ဘယ်နှစ်နာရီလောက်ရှိမလဲ၊ ဆိုတာတွေကို အကြမ်းဖျင်းတင်ပြထားရမှာဖြစ်ပါတယ်။

Budget ဆိုတာကတော့ ခုနက စဉ်းစားထားတဲ့ program တွေအရ ကုန်ကျစရိတ် ခန့်မှန်းငွေ ဘယ်လောက်ရှိမှာလဲဆိုတာကို အကြမ်းဖျင်းတွက်ချက်ထားတာကို ဆိုလိုပါတယ်။ ဝန်ထမ်း level အမျိုးအစားအလိုက် လုပ်ပေးထားတဲ့ Program တွေ တစ်နှစ်မှာ ဘယ်နှစ်ကြိမ်လုပ်မှာလဲ၊ ဘယ်နှစ်ယောက်တက်မှာလဲ၊ တစ်ယောက်ကို ဘယ်လုပ်ကုန်မလဲ။ ဒီလိုပြောတဲ့နေရာမှာ trainer fees တွေ၊ development fees တွေ၊ material cost တွေ၊ rental/refreshment cost တွေ၊ travelling cost တွေ အားလုံးကို ထည့်သွင့် စဉ်းစားထားရမှာ ဖြစ်ပါတယ်။
Training Calendar ဆိုတာကတော့ ပြက္ခဒိန်တစ်ခုလို လအလိုက် ဘယ်လရဲ့ ဘယ်ရက်တွေမှာ ဘာသင်တန်းတွေကို လျာထားတယ်ဆိုတဲ့ (၁၂) လစာ ပြက္ခဒိန်ပုံစံကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ တစ်နှစ်အတွင်းမှာ ရှိနိုင်တဲ့ ရုံးပိတ်ရက်တွေ၊ လုပ်ငန်းအလုပ်များမယ့်ကာလတွေ၊ လူအများ မအားမယ့် အချိန်တွေကို ထည့်သွင်းစဉ်းစားထားရမှာ ဖြစ်ပါတယ်။
Course Description ဆိုတာကတော့ လိုအပ်ချက်အရ ကိုယ်စီစဉ်ပေးမယ့် program တစ်ခုချင်းဆီရဲ့ အကြောင်းလေးတွေကို catalog ပုံစံလုပ်ထားတာကို ဆိုလိုပါတယ်။ ဒီ catalog မှာ course title တွေ၊ course ရဲ့ objectives တွေ၊ ကြာချိန်၊ ဘယ်သူသင်မှာလဲ၊ လူအများဆုံး ဘယ်လောက်တက်နိုင်မလဲ၊ ဘယ်လိုလူတွေ တက်သင့်သလဲ ဆိုတဲ့အချက်တွေ ပါဝင်သင့်ပါတယ်။
အခုပြောပြခဲ့တာတွေကတော့ Annual Training Plan တစ်ခုမှာ ပါဝင်လေ့ရှိတဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အရေးကြီးတာက ဘယ် program တွေကို ထည့်သွင့်သင့်သလဲလို့ စဉ်းစားဖို့အတွက် လိုအပ်တဲ့ Training Needs Analysis ပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ Annual Training Plan ဟာ လိုအပ်ချက်အရ ပြင်ဆင်ထားတာဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။ ဒီလိုလုပ်ဖို့နည်းလမ်းတွေကတော့ အမျိုးမျိုးပြောကြပါတယ်။ ကိုယ်နဲ့အဆင်ပြေတဲ့ နည်းလမ်းကို ရွေးချယ်လုပ်ဆောင်နိုင်ပါတယ်။ တကယ်လို့ ဘယ်လိုလုပ်ရမှန်း မသိဘူးဆိုရင်တော့ အောက်မှာ ပြောပြထားသလို လုပ်ကြည့်နိုင်ပါတယ်။
ပထမအဆင့် အနေနဲ့ ကိုယ့်ရဲ့ အကြီးအကဲကို ချဉ်းကပ်ပြီး ကုမ္ပဏီရဲ့ အခြေအနေ (SWOT), တကယ့် training လိုအပ်ချက်တွေ၊ နောက်နှစ်အတွက်ထားရှိချင်တဲ့ training focus တွေ၊ target တွေ ကို မေးမြန်းဆွေးနွေးသင့်ပါတယ်။
ဒုတိယအဆင့် အနေနဲ့ ကိုယ့်လုပ်ငန်းမှာရှိတဲ့ ဌာနမှူးကြီးများနဲ့တွေ့ဆုံ မေးမြန်းသင့်ပါတယ်။ ဌာနရဲ့ development လိုအပ်ချက်တွေ၊ training လိုအပ်ချက်တွေ၊ နောက်နှစ်အတွက်ထားရှိချင်တဲ့ training focus တွေ၊ target တွေ ကို ဆက်လက်မေးမြန်းဆွေးနွေးသင့်ပါတယ်။
တတိယအဆင့် အနေနဲ့ ဝန်ထမ်းများကို တွေ့ဆုံမေးမြန်းရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ ဝန်ထမ်းအားလုံးကို ပါဝင်စေဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် randomly ရွေးချယ်လို့ focus group တွေကိုသာ မေးမြန်းရမှာဖြစ်ပါတယ်။ အဓိကကတော့ သူတို့မှာ ဘာ challenges တွေရှိနေလဲ၊ အရင်က ရရှိခဲ့ဖူးတဲ့ သင်တန်းတွေအပေါ်သုံးသပ်ချက်တွေ၊ သူတို့အလုပ်ကို ပိုပြီး ထိထိရောက်ရောက်လုပ်နိုင်ဖို့ ဘယ်လို program တွေလိုအပ်ပါသလဲ စတာတွေကို မေးမြန်းသင့်ပါတယ်။
လိုအပ်ပါက Training Needs Analysis Survey ကို လုပ်ကိုင်နိုင်ပါတယ်။ အပေါ်မှာ ပြောထားတဲ့အချက်နဲ့ပဲ လုံလောက်ရင်လဲ မလုပ်လို့ရပါတယ်။ TNA survey လုပ်မယ်ဆိုရင်တော့ အရင်ဆုံး မေးခွန်းကို design လုပ်ရမှာ ဖြစ်ပါတယ်။ ပြီးရင် survey ကို ဘယ်လို မေးမြန်းမယ်ဆိုတဲ့ administration ကို စဉ်းစားရပါမယ်။ ရလာတဲ့ ရလဒ်တွေကို analyse လုပ်ရပါမယ်။ ပြီးရင် report တွေ၊ မှန်မမှန် verify လုပ်တာတွေကို လုပ်ဆောင်ပြီး ဘယ်လိုအပ်ချက်ကို ဦးစားပေး လုပ်ဆောင်မလဲဆိုတာကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
အခုပြောခဲ့တဲ့အဆင့်တွေကို လုပ်ဆောင်ခြင်းအားဖြင့် ကိုယ့်လုပ်ငန်းရဲ့ Learning & Development လိုအပ်ချက်တွေကို အနည်းနဲ့အများဖေါ်ထုတ်လာနိုင်မှာ ဖြစ်ပြီး ဒီလိုအပ်ချက်တွေအပေါ်မူတည်ပြီး အစမှာရှင်းပြခဲ့တဲ့အတိုင်း Annual Training Plan တစ်ခုကို ရေးဆွဲသွားရမှာဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေကတော့ အပြောကလွယ်ပေမယ့် လက်တွေ့မှာတော့ အတော်လေးကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လဲ ဒီကြိုးစားအားထုတ်မှုဟာ အလကားမဖြစ်သွားပါဘူးဆိုတာကို ရှင်းပြရင်း Annual Training Plan တွေကို လုပ်ငန်းလိုအပ်ချက်အရရေးဆွဲသွားနိုင်ကြပါစေလို ဆန္ဒပြုပါတယ်။

Leave a Reply