လူလျော့တယ်ဆိုတာ လုပ်သင့်တဲ့ကိစ္စတစ်ခုဟုတ်မဟုတ်ဘယ်လိုဆုံးဖြတ်ရမလဲ။

Downsizing လုပ်တယ်ဆိုတာ ကိုယ့်ရဲ့ payroll နဲ့ဆိုင်တဲ့ ကုန်ကျစရိတ်တွေကို ချက်ခြင်းသိသိသာသာသက်သာသွားစေနိုင်ပါတယ်။ အဲ့လိုလုပ်ခြင်းအားဖြင့် အရှုံးအမြတ် bottom line ကို မြန်မြန်ဆန်ဆန် ထိရောက်စေနိုင်ပြီး ရှယ်ယာရှင်သူဌေးတွေကို ကျေနပ်စေနိုင်ပါလိမ့်မယ်။ 

ဒါပေမယ့် လူတွေကိုလျော့တယ်ဆိုတာက ကုန်ကျစရိတ်တွေကို သက်သာစေဖို့ တစ်ခုတည်းသော ရွေးချယ်စရာ နည်းလမ်းတော့ မဟုတ်ပါဘူး။ အခြေအနေတိုင်းအတွက်လည်း အသင့်တော်ဆုံး အဖြေလည်း မဟုတ်ပါဘူး။ ဒါကြောင့် လူလျော့ဖို့အတွက် စီစဉ်တော့မယ်၊ လုပ်တော့မယ်ဆိုရင်၊ အရင်ဆုံး ကိုယ့်လုပ်ငန်းအတွက် လူလျော့တာက အသင့်တော်ဆုံး အဖြေဆိုတာ ဟုတ်မဟုတ် သိရဖို့အတွက် အခြား ဘာတွေလုပ်လို့ ရသေးသလဲ ဆိုတာကို အသေအချာ အကဲဖြတ်သင့်ပါတယ်။
ဒီနေရာမှာလည်း HR မန်နေဂျာတွေမှာ စိန်ခေါ်မှုတွေရှိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လုပ်သင့်မလုပ်သင့် စဉ်းစားဆုံးဖြတ်တဲ့နေရာမှာ HR မန်နေဂျာတွေကို မပါခိုင်းတတ်ကြပဲ၊ ဆုံးဖြတ်ချက်ချပြီးမှ စီစဉ်ဆောင်ရွက်အကောင်အထည် ဖေါ်ခိုင်းကြတာ များတယ်လေ။ ဒီလိုလုပ်တာဟာ အလုပ်ရှင်နဲ့အခြားတာဝန်ရှိတဲ့သူတွေက မလုပ်သင့်တဲ့အမှားတစ်ခုဖြစ်ပါတယ်။
ကံကောင်းလို့ HR မန်နေဂျာက အဲ့ဒီ့ လုပ်သင့် မလုပ်သင့် ဆုံးဖြတ်ပွဲမှာ ပါရတယ်ဆိုရင်တော့ အချက်နှစ်ချက်ကို လုပ်ဖို့ စဉ်းစားရပါမယ်။ (၁) ကုန်ကျစားရိတ်လျော့ဖို့အတွက် လူလျော့တာထက်ပိုသင့်တော်တဲ့ ဘယ်လိုရွေးချယ်စရာတွေ ရှိနိုင်မလဲဆိုတာ အဖြေရှာရပါမယ်။ (၂) သင့်လုပ်ငန်းက ကြီးကြီးမားထိခိုက်နိုင်စရာမရှိပဲ လူလျော့တဲ့ကိစ္စကို တကယ်ခံနိုင်ရည်ရှိရဲ့လားဆိုတာကို ရိုးရိုးသားပွင့်ပွင့်လင်းလင်း အကဲဖြတ်ရပါမယ်။
(၁) အခြား ရွေးချယ်စရာတွေကိုသုံးသပ်ခြင်း
လုပ်ငန်းအဖွဲ့အစည်း အတော်များများက အခြားနေရာမှာသာ စိတ်ကူးစိတ်သန်းကောင်းချင်ကောင်းလိမ့်မယ်၊ ဒီလို အခြား ရွေးချယ်စရာတွေကိုသုံးသပ်တာတွေလုပ်တဲ့အခါမှာ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေက မရှိတော့သလို ဖြစ်တတ်ကြပါတယ်။ management အဖွဲ့ကလည်း ဒီလို လူလျော့တာကပဲ အသင့်တော်ဆုံး လုပ်တတ်ကြပါတယ်။ တကယ်တမ်းမှာ ကုမ္ပဏီး အခြားနေရာတွေက အသုံးစားရိတ်တွေကို အသေအချာ ပြန်စီစစ်ကြည့်မယ်ဆိုရင် ဒီထက်ကောင်းမယ့်နည်းလမ်းတွေ ထွက်လာကောင်း ထွက်လာနိုင်ပါလိမ့်မယ်။
ဝယ်ဖို့လုပ်ထားတဲ့ Equipment အသစ်တွေကို အဝယ်ခနဆိုင်းလိုက်တာ။ အပြင်က ကန်ထရိုက်တာတွေကိုခေါ်သုံးတာ၊ ခရီးသွားစားရိတ်တွေကိုသုံးစွဲတာတွေကို ကန့်သတ်လိုက်တာ။ ဒီလို လုပ်တဲ့နေရာမှာ ဝန်ထမ်းတွေက ဘာတွေ ဘယ်နေရာမှာ ကုန်ကျစရိတ်တွေ လျော့လို့ရမလဲဆိုတာကို ပြောပြနိုင်လေ့ရှိတတ်ပါတယ်။ သူတို့ကို တာဝန်ပေးကြည့်လို့ရပါတယ်။
Work processes တွေကို ပိုပြီးရိုးရှင်းလာအောင်လုပ်တာ။ ဒီလိုလုပ်ခြင်းကလည်း လုပ်ရတဲ့အချိန်၊ ငွေတွေသက်သာလာစေနိုင်ပြီး၊ productivity ကိုတောင်မှ တက်လာနိုင်စေပါလိမ့်မယ်။
အချို့နိုင်ငံတွေမှာဆိုရင် အခက်အခဲရှိနေတဲ့ အလုပ်ရှင်တွေကို နိုင်ငံတော် နဲ့ အခြားအဖွဲ့အစည်းတွေက ကူညီပေးတဲ့ အစီအစဉ်တွေရှိတတ်ပါတယ်။ အဲ့ဒါမျိုးလည်း စဉ်းစားကြည့်နိုင်ပါတယ်။
အလုပ်ကနေ စောစောစီးစီး အနားယူချင်တဲ့သူတွေ၊ ကိုယ့်ဘာသာကိုယ် volunteer လုပ်ပြီး အလုပ်ထွက်ချင်တဲ့သူတွေရှိမရှိ စစ်တမ်းကောက်ကာ သင့်တော်တဲ့ incentive ပေးပြီးလျော့တာ။
အခြားသော ဝန်ထမ်းအားလုံး ပါဝင်လုပ်ကိုင်လို့ရတဲ့ အလုပ်ချိန်လျော့တာ၊ ယာယီအလုပ်ပိတ်တာ၊ အချိန်ပိုတွေကို ကန့်သတ်တာ၊ လစာမဲ့ ခွင့်ပေးတာ၊ လူခန့်တာတွေရပ်တာ၊ ဝန်ထမ်းအရွေ့အပြောင်းတွေလုပ်တာ။
(၂) သင့်အလုပ်ကတကယ်ရော downsize လုပ်နိုင်ရဲ့လား
များသောအားဖြင့် လူလျော့တဲ့ကိစ္စက ကုမ္ပဏီအတွက် အကုန်အကျစရိတ် တကယ်ကိုကြီးမားနိုင်ပါတယ်။ ဒါ့အပြင် indirect cost တွေဖြစ်တဲ့ ကုမ္ပဏီနာမယ်ပျက်တာ၊ HR နာမယ်ပျက်တာ၊ ဝန်ထမ်းတွေရဲ့ စိတ်ဓါတ်ကျတာ၊ အတိုင်းအတောခံရပြီး တရားရင်ဆိုင်ရတာတွေလည်းရှိနိုင်ပါတယ်။ အခြားသော direct cost တွေလည်း အများအပြားရှိနိုင်ပါသေးတယ်။ Cost Analysis ကို အသေအချာ လုပ်သင့်ပါတယ်။ လျောကြေးပေးရမယ့်ကိစ္စတွေ၊ တစ်ချိန်မှာ လိုအပ်လို့ပြန်ခန့်ရမယ့်ကိစ္စတွေ၊ ပြန်သင်ပေးရမယ့်ကိစ္စတွေ အများအပြားထည့်စဉ်းစားတွက်ချက်ရပါမယ်။

Productivity ကိုမထိခိုက်ပဲ ကုန်ကျစရိတ်လျော့တဲ့ကိစ္စကို တကယ်လုပ်နိုင်မလား ဆိုတာကို လက်တွေ့ကျကျသုံးသပ်ရပါလိမ့်မယ်။ လက်ရှိလုပ်ရမယ့် အလုပ်တွေကို ကျန်ခဲ့မယ့် သူတွေနဲ့ တကယ်ကို လုပ်နိုင်မှာလားဆိုတာ အသေအချာ တွက်ချက်စဉ်းစားရပါမယ်။ သူတို့တွေက ထွက်သွားမယ့်သူတွေရဲ့ တာဝန်တွေယူနိုင့် ကျွမ်းကျင်မှုတွေ ရှိရဲ့လား၊ မရှိရင် အချိန်မှီ ပြန်သင်ပေးနိုင်မလား ဆိုတာကလည်းတွေးစရာဖြစ်ပါတယ်။ လူတွေလျော့ပြီး လုပ်အားတွေမတက်လာရင် customer service နဲ့ quality အပိုင်းမှာ ထိခိုက်မှုတွေရှိနိုင်ပါတယ်။ ကုမ္ပဏီရဲ့ နာမည်နဲ့ပုံရိပ်ကို ထိခိုက်နိုင်ပါတယ်။
ဒီတော့ လူလျော့တယ်ဆိုတာကို အလျင်စလို မလုပ်ခင် လုပ်သင့်တဲ့ကိစ္စတစ်ခုဟုတ်မဟုတ်ဆိုတာကို (၁) အခြားရွေးချယ်စရာနည်းလမ်းတွေကို အသေအချားစဉ်းစားတွက်ချက်ခြင်း (၂) လူလျော့တဲ့ ကိစ္စကြောင့် ဖြစ်လာနိုင်မယ့် နောက်ဆက်တွဲ ကိစ္စတွေကို တကယ်ခံနိုင်ခြင်းရှိမရှိဆိုတာကို စဉ်းစားတွက်ချက်ခြင်း၊စတာတွေကို အသေအချာပြုလုပ်ပြီး စဉ်းစားဆုံးဖြတ်သင့်ပါတယ်။ ဒီလို လုပ်တဲ့အခါမှာ HR မန်နေဂျာတွေကို ချန်မထားကြပါနဲ့။ အခြားဝန်ထမ်းများမှအစ ပါသင့်ပါထိုက်တဲ့သူတွေကို ပါသင့်ပါထိုက်သလောက်ပါဝင်စေဖို့ လိုပါတယ်ဆိုတာ ပြောပြချင်ပါတယ်။

Leave a Reply